Grand Royal Group International က မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာလိဂ် (M League) ၏ Title Sponsor အဖြစ် ပံ့ပိုးကူညီပေးမှု

၂၀၂၆ သြဂုတ်လ ၂၄၊ ရန်ကုန်၊ မြန်မာ

Grand Royal Group International (GRGI) သည် မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ အစဉ်တစိုက် ပံ့ပိုးကူညီလာခဲ့သည့် ခိုင်မာသောကတိကဝတ်ကို ဆက်လက်အကောင် အထည်ဖော်ဆောင်လိုက်နိုင်ပြီး၊ အမည်သစ်ဖြင့် ပြန်လည်စတင်သည့် မြန်မာလိဂ် (Myanmar League) ၏ Title Sponsor အဖြစ် ဆက်လက်ပါဝင်ပံ့ပိုးသွားမည်ဖြစ်သည်။ ထိုသို့ ဆက်လက်ပံ့ပိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ အထင်ကရ ဘောလုံးပြိုင်ပွဲကြီးအတွက် အခန်းကဏ္ဍသစ်တစ်ရပ်ကို စတင်လိုက်နိုင်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် Novotel Yangon Max ၌ ကျင်းပခဲ့သည့် M League စတင်မိတ်ဆက်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်မှ တာဝန်ရှိသူများ၊ ဘောလုံး အသင်းပိုင်ရှင်များ၊ ကစားသမားများ၊ နည်းပြများ၊ ဒိုင်လူကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဘောလုံး အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် Grand Royal Group International ၏ အမှုဆောင်အရာရှိချုပ်က ဘောလုံးအားကစားသည် လူမှုအသိုက်အဝန်းများကို စည်းလုံးညီညွတ်စေပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူများအကြား ဂုဏ်ယူမှု၊ စိတ်အားထက်သန်မှုနှင့် တစ်သားတည်းဖြစ်မှုတို့ကို ပိုမိုခိုင်မာစေသည့် ထူးခြားသော စွမ်းအားတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ဘောလုံးအားကစားသည် Grand Royal Group International ၏ “Creating and Celebrating Happiness Together” — “အတူတကွ ပျော်ရွှင်မှုများကို ဖန်တီးပြီး အတူတကွ ဆင်နွှဲခြင်း” ဟူသည့် ကုမ္ပဏီ၏ ရည်ရွယ်ချက်နှင့်လည်း အပြည့်အဝ ကိုက်ညီကြောင်း အမှုဆောင်အရာရှိချုပ်က အလေးပေးပြောကြားခဲ့ပါသည်။

GRGI ၏ မြန်မာ့ဘောလုံးအားကစားအပေါ် အစဉ်တစိုက်ပံ့ပိုးကူညီမှုသည် မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ် ဘောလုံးအားကစား စတင်ဖွံ့ဖြိုးလာသည့် ကာလမှစ၍ ယနေ့တိုင် ဆက်လက်တည်ရှိနေခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် တည်ထောင်သူ ဘောလုံးအသင်းများဖြင့် မြန်မာနေရှင်နယ်လိဂ်ကို စတင်တည်ထောင်ခဲ့စဉ်ကတည်းက Grand Royal Group International သည် အစောပိုင်းကတည်းက ပါဝင်ပံ့ပိုးခဲ့သည့် Sponsor တစ်ဦးဖြစ်ပြီး မြန်မာ့ဘောလုံးအားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ခိုင်မာသောကတိကဝတ်ဖြင့် ဆက်လက်ပံ့ပိုးလာခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာလိဂ် (Myanmar League) အမည်သစ်ဖြင့် သမိုင်းသစ်တစ်ရပ်ကို စတင်လျှောက်လှမ်းသည့်အချိန်တွင် GRGI သည် မြန်မာလိဂ်၏ ပြန်လည်ဆန်းသစ်ထားသည့် ရည်မှန်းချက်နှင့် ရှေ့ဆက်မည့် မျှော်မှန်းချက်သစ်ကို ကြိုဆို လိုက်ပါသည်။ “ONE League, ONE Nation.” ဟူသည့် ဆောင်ပုဒ်သည် ဘောလုံးအားကစားမှတစ်ဆင့် စည်းလုံးညီညွတ်ခြင်း ပြယုဂ် ကို ထင်ဟပ်စေပါသည်။ ဤသမိုင်းသစ် တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘောလုံးအားကစား၊ လူမှုအသိုက်အဝန်းများနှင့် ပရိသတ်များအကြား ဆက်သွယ်မှုနှင့် စည်းလုံး ညီညွတ်မှုများ ပိုမိုခိုင်မာလာမည်ဟု GRGI က ယုံကြည်ထားပါသည်။

Sponsor အဖြစ် ပံ့ပိုးကူညီခြင်းထက် ပိုမိုကျယ်ပြန့်စွာ GRGI သည် Hantharwaddy United Football Club ကို ပိုင်ဆိုင်ထားခြင်း မှ တစ်ဆင့် မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်လျက် ရှိပါသည်။ အသင်းတစ်သင်း အောင်မြင်စွာ တည်ဆောက်နိုင်ရန်၊ အရည်အချင်းရှိသည့် ကစားသမားများ ပေါ်ထွက် လာစေရန် နှင့် ဘောလုံးအားကစားလောကတစ်ရပ်လုံး ပိုမိုခိုင်မာလာစေရန် အပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အဖွဲ့အစည်းအသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှုတို့ မည်မျှအရေးကြီးကြောင်း GRGI အနေဖြင့် ကောင်းစွာ နားလည်သဘောပေါက်ထားပါသည်။

Grand Royal Group International အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်မှ တာဝန်ရှိသူများ၊ ဘောလုံးအသင်းပိုင်ရှင်များ၊ ကစားသမားများ၊ နည်းပြများ၊ ဒိုင်လူကြီးများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ဘောလုံးအားကစားဝါသနာရှင်များ၏ အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုနှင့် ပံ့ပိုးကူညီမှုများကို အထူး အသိအမှတ်ပြုပါသည်။ အားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်မှုနှင့် ခိုင်မာသောကတိကဝတ်များသည် မြန်မာ့ ဘောလုံးအားကစား ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အရေးပါသော အင်အားတစ်ရပ်အဖြစ် ဆက်လက် အထောက်အကူပြုလျက်ရှိပါသည်။

ဘောလုံးရာသီသစ်အတွက် GRGI အနေဖြင့် ပြိုင်ဆိုင်မှုအပြည့်နှင့် စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်များ၊ ပရိသတ်များ အတွက် အမှတ်တရဖြစ်စေမည့် အခိုက်အတန့်များနှင့် ဘောလုံးအားကစား၏ စိတ်ဝင်စားဖွယ် အတွေ့အကြုံကောင်း များကို မျှော်လင့်ထား ပါသည်။ ထို အတွေ့အကြုံများမှတစ်ဆင့် ပရိသတ်များအကြား ပိုမို နီးကပ်စွာ စည်းလုံး ချိတ်ဆက်နိုင်စေပြီး နောင်လာမည့် မျိုးဆက်သစ် ဘောလုံးကစားသမားများအတွက်လည်း အားတက်စရာများ ဖြစ်စေမည်ဟု ယုံကြည်ပါသည်။

မြန်မာလိဂ် (Myanmar League) ၏ Title Sponsor အဖြစ် Grand Royal Group International သည် မြန်မာ့ဘောလုံးအားကစား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး၊ ဘောလုံး အားကစားမှ တစ်ဆင့် စည်းလုံးညီညွတ်မှု၊ စိတ်အားထက်သန်မှုနှင့် ဂုဏ်ယူမှုတို့ကို ပိုမိုခိုင်မာစေရန်လည်း ဆက်လက် ပါဝင်ပံ့ပိုးသွားမည်ဖြစ်သည်။

Grand Royal Group International Extends Commitment to Myanmar Football as Myanmar League (M League) Title Sponsor

Grand Royal Group International ၏ ဖွံ့ဖြိုးမှု၊ ဆန်းသစ်တီထွင်မှု များနှင့်အတူ ပုလဲရတု နှစ်ပတ်လည် လူထုအကျိုးပြုလုပ်ငန်းများ ကျင်းပခြင်းအခမ်းအနား

Grand Royal Group International ၏ (၃၀) နှစ်ပြည့် ပုလဲရတု နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စီးပွားရေးလုပ်ငန်း တိုးချဲ့မှုနှင့် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ရေရှည် ကတိကဝတ်ပြုမှုများကို ထင်ဟပ်စေသည့် အဓိပ္ပာယ်ပြည့်ဝသော အစီအစဉ်များစွာကို ဂုဏ်ယူစွာဖြင့် ကျင်းပပြုလုပ် ခဲ့ကြ ပါသည်။

အထိမ်းအမှတ်အခမ်းအနား၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုမှာ Mandalay Sales Office နှင့် Supply Chain Warehouse သစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဒေသတွင်း လုပ်ငန်းလည်ပတ်မှုစွမ်းရည်များကို ပိုမိုအားကောင်းစေရန်နှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာ ထိရောက်မှုများကို မြှင့်တင်ရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ လုပ်ငန်းတိုးချဲ့နိုင်မှုသည် Grand Royal ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မျှော်မှန်းချက်နှင့် stakeholders များ၏ ပြောင်းလဲလာသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အလေးအနက်ထားမှုကို ထင်ဟပ်စေပါသည်။

လူမှုရေးပိုင်းဆိုင်ရာ တာဝန်ယူတာဝန်ခံမှု ကတိကဝတ်နှင့်အညီ မန္တလေးမြို့ရှိ လုပ်ငန်းလည်ပတ်ရာ ဝန်းကျင်အနီးတွင် နေထိုင်ကြသော အိမ်ထောင်စု (၁,၀၀၀) အတွက် အခြေခံစားသောက်ကုန်များကို လှူဒါန်းပေးဝေခဲ့ကြပါသည်။ ယခုကဲ့သို့လုပ်ဆောင်ပံ့ပိုးပေးနေမှုများသည် လူမှုအဖွဲ့အစည်းများအပေါ် ပြန်လည်မျှဝေပေးဆပ်ရန်ဟူသော Grand Royal ၏ ယုံကြည်ချက်ကို ပေါ်လွင်စေပြီး တာဝန်သိသော တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်းကုမ္ပဏီအဖြစ် ရပ်တည်မှုကို ပိုမိုခိုင်မာစေပါသည်။

Grand Royal ၏ပုလဲရတုနှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ မှော်ဘီစက်ရုံတွင် ဆက်လက်ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဗဟိုဌာန (Technical and Innovation Centre) ဖွင့်ပွဲအခမ်းအနားကိုပါပူးတွဲပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤအဆောက်အအုံသစ်သည် သုတေသနလုပ်ငန်းများ၊ အရည်အသွေးမြှင့်တင်မှုများနှင့် အနာဂတ်အတွက် အသင့်ဖြစ်စေမည့် ဆန်းသစ်တီထွင်မှုများတွင် Grand Royal ၏ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုကို ပြသနေခြင်းဖြစ်ပါသည်။ ထို့ပြင် မှော်ဘီဒေသရှိ ဒေသခံပြည်သူများအတွက် ထပ်ဆောင်းပံ့ပိုးကူညီမှုအဖြစ် (၃၀) နှစ်ပြည့် (ပုလဲရတု) အထိမ်းအမှတ် လှူဒါန်းမှုအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စု (၂,၀၀၀) ထံသို့ အခြေခံစားသောက်ကုန်များကို ပေးဝေလှူဒါန်းခဲ့ပါသည်။

ဤအခမ်းအနားများသို့ ThaiBev ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ Management Team၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း ကုမ္ပဏီ၏ အောင်မြင်မှုများကို စုပေါင်းအင်အားဖြင့် မောင်းနှင်ပေးခဲ့ကြသော တာဝန်သိဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

လုပ်ငန်းတိုးချဲ့မှုနှင့် လူထုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုဟူသော ဤအထင်ကရ မှတ်တိုင်နှစ်ခုစလုံးသည် တာဝန်သိသော စီးပွားရေးလုပ်ထုံးလုပ်နည်းများနှင့် အနှစ်သာရရှိသော လူထုအကျိုးပြု သက်ရောက် မှုများမှတဆင့် ရေရှည်တည်တံ့သော တန်ဖိုးများကို ဖန်တီးပေးရန်ဟူသော Grand Royal Group International ၏ တန်ဖိုးထားမှုများရှိသည့်အနက် က မယိမ်းယိုင်သော ကတိကဝတ်ကို ထင်ဟပ်ပြသနေသော အရာလည်း ဖြစ်ပါသည်။ Grand Royal Group ၏ (၃၀) နှစ်တာ တိုးတက်မှုခရီးစဉ်ကို ဆင်နွှဲနေစဉ်တွင် stakeholders များ၊ communities နှင့် industry တို့အတွက် ပိုမိုခိုင်မာသော အနာဂတ်ကို ဆက်လက်တည်ဆောက်သွားရန် ယုံကြည်ချက်၊ ရည်မှန်းချက် အပြည့်ဖြင့် ရှေ့သို့ မျှော်ကြည့် လျှောက်လှမ်းသွားမှာ ဖြစ်ပါသည်။

မန္တလေးအင်အားပြင်းငလျင်အပြီး GRGI ၏ ကူညီထောက်ပံ့ရေးလုပ်ငန်းဆောင်ရွက်နေမှုများ

GRGI သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော (၇.၇) အဆင့် ရှိ အင်းအားပြင်း ငလျင်ကြောင့် ဘေးဒုက္ခ ရောက်ခဲ့ကြသော ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူ လူထုများအတွက် အရေးပေါ်ကူညီရေးလုပ်ငန်းများကို မြန်ဆန်စွာ ကူညီလှူဒါန်းထောက်ပံ့ နိုင်ခဲ့ ပါ သည်။

✅ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းကြောင်း အတည်ပြုနိုင်ပြီး၊ အချို့ ဝန်ထမ်းများမှာ ကိုယ်ပိုင် ပစ္စည်းပျက်စီးမှုနှင့်မိသားစုဝင်ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပါသည်။
✅ မန္တလေးစက်ရုံတွင် လုံခြုံရေးစစ်ဆေးမှုများပြီးနောက် မတ်လ ၂၉ ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီး၊ မန္တလေးရှိ အခြား လုပ်ငန်း လုပ်ဆောင်ရာ နေရာများ တွင်လည်း လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ခဲ့ပါသည်။

ကူညီထောက်ပံ့ရေးအစီအစဉ်များ

ဝန်ထမ်းများကိုထောက်ပံ့ပေးခြင်း
• မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းရှိ ဝန်ထမ်းများအား အခြေခံအစားအသောက်၊ ဆေးဝါး၊ အရေးပေါ်ကုသရေးပစ္စည်းများနှင့်ခြင်ထောင်များအားဝန်ထမ်း(၆၁၀)ဦးစာကူညီလှူဒါန်းထောက်ပံ့ပေးခဲ့ပါသည်။
•အိမ်ပျက်စီးမှုအခြေအနေပေါ် မူတည်၍ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ပိုင်းဆိုင်ရာ ပစ္စည်းများကို (၁၃၆) အိမ်ထောင်စုစာ ကူညီလှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။

ဒေသခံပြည်သူများအားကူညီထောက်ပံ့ပေးခြင်း(သင်္ကြန်အပြီး)
ဧပြီ၊ မေ၊နှင့် ဇွန်လများအတွင်းထိခိုက်မှုအများဆုံးဖြစ်သော ဒေသ (၉) ခုအတွင်းရှိ အိမ်ထောင်စု ၂,၅၀၀ ကျော်အား အခြေခံအစားအသောက်၊ ဆေးဝါး၊ အရေးပေါ်ကုသရေးပစ္စည်းများနှင့် ခြင်ထောင်များ အားကူညီလှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။

ဒေသအလိုက် ကူညီလှူဒါန်းထောက်ပံ့မှုအကျဉ်းချုပ်

ထိခိုက်မှုအများဆုံးမြို့ လှူဒါန်းသည့်ရက် အိမ်ထောင်စုအရေအတွက်
၁. ပျဉ်းမနား ၂၀၂၅၊ ဧပြီ ၂၈ ၄၄၀
၂. လယ်ဝေး ၂၀၂၅၊ ဧပြီ ၂၉ ၅၃
၃. တပ်ကုန်း ၂၀၂၅၊ ဧပြီ ၂၉ ၅၃
၄. နေပြည်တော် (သပြေကုန်း) ၂၀၂၅၊ ဧပြီ ၂၉ ၅၄
၅. စစ်ကိုင်း ၂၀၂၅၊ မေ ၂၇ ၃၀၀
၆. မန္တလေး (မဟာအောင်မြေ၊ အမရ ပူရ) ၂၀၂၅၊ မေ ၂၈၊ ၃၀ ၈၆၅
၇. အင်းလေး ၂၀၂၅၊ ဇွန် ၅ ၃၀၀
၈. ရမည်းသင်း ၂၀၂၅၊ ဇွန် ၇ ၂၂၈
၉. ပျော်ဘွယ် ၂၀၂၅၊ ဇွန် ၇ ၂၂၂
စုစုပေါင်း ၂,၅၁၅

ကုန်သွယ်ရေးမိတ်ဖက်များအတွက်ကူညီလှူဒါန်းထောက်ပံ့မှုများ
GRGI သည် ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုများအပြင် မန္တလေးရှိ ကုန်သွယ်ရေး မိတ်ဖက်များ အတွက်လည်း အထောက်အပံ့များ ဆက်လက်ပေးအပ်လျက်ရှိနေသည်။ မန္တလေးတွင် ကုန်ပစ္စည်း ဆုံးရှုံးမှုများ ဖြစ်ပွားခြင်းများအတွက် အရောင်းဌာနက ကူညီလှူဒါန်းထောက်ပံ့မှု များကို စနစ်တကျ စီမံ ဆောင်ရွက်လျက်ရှိနေပါသည်။

ငလျင်လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း GRGI အနေနှင့် ကူညီလှူဒါန်း ထောက်ပံ့မှု များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေပါ သည်။ ကုမ္ပဏီ၏ စံတန်ဖိုး (၃) ခု ဖြစ်သော တန်ဖိုးဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းနှင့် ပတ်သက်နှီးနွှယ်သူများ အပေါ်အလေးထားမှုများ ကို အခြေခံကာ ဝန်ထမ်းများ အပြင် ကုန်သွယ် မိတ်ဖက်များနှင့် ဒေသခံ ပြည်သူလူထုများ အတွက်လည်း အတူရပ်တည် လျက် ရှိနေပါသည်။

Grand Royal Group International က ရေဘေးသင့် အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေးတွင် လိုအပ်သော အခြေခံအသုံးအဆောင်ပစ္စည်းများအား လှူဒါန်း

တိုင်ဖုန်းမုန်တိုင်းရာဂီ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသများက ရေဘေးဒဏ် အပြင်းအထန် ခံစားနေရသော အများပြည်သူများ၏ ဆုံးရှုံးမှုအတွက် Grand Royal Group International မိသားစု အနေနှင့်လည်း ထပ်တူကြေကွဲဝမ်းနည်းရပါသည်။

လက်ရှိတွင်လည်း အချို့ဒေသများတွင် ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေကြသည်ကိုလည်း သတင်းနှင့် လူမှုကွန်ရက် စာမျက်နှာများ က တစ်ဆင့် ကြားသိနေရပါသည်။ ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှု အပေါ် Grand Royal Group International အနေနှင့်လည်း နယ်ခံပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေးအန္တရာယ်အပြင်းအထန် ခံစားနေရသော သာဝတ္ထိ၊ တပ်ကုန်း၊ လယ်ဝေး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကလောနှင့် အင်းလေးဒေသများ အပါအဝင်၊ အခြားသော ရေဘေးသင့် ဒေသများ သို့ ပြန်လည်ထူထောင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအသုံးအဆောင်များနှင့် အိမ်သုံးပစ္စည်းများအား ရေဘေးသင့်ပြည်သူမိသားစုပေါင်း မြောက်မြားစွာအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် အနေနှင့် ကူညီလှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအနေနှင့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်ရာတွင် လိုအပ်လျက်ရှိသော အထောက်အပံ့များ ရရှိပါစေကြောင်း Grand Royal Group International မိသားစုက ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

Grand Royal Group International စက်ရုံမီးလောင်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်

Thai beverage Public Company Limited က ၇၅% ပိုင်ဆိုင်သောမြန်မာနိုင်ငံရှိ အဖျော်ယမကာ လုပ်ငန်းစုဖြစ်သည့် Grand Royal Group International Co., Ltd. (GRGI) ရန်ကုန် ၊ မှော်ဘီစက်ရုံ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ သောကြာနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ရဲစွမ်းသတ္တိရှိရှိနှင့် စွမ်းစွမ်းတမံ မီးငြိမ်းသတ်ပေးခဲ့ကြသော မြန်မာနိုင်ငံ မီးသတ်ဌာန က မီးသတ်သူရဲကောင်းများ၊ သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ နှင့်အတူ ဝိုင်းဝန်း ကူညီပေးခဲ့ကြ သော စေတနာ့ဝန်ထမ်းများ ၊ ကုမ္ပဏီ ဝန်ထမ်းများ က အတူတကွ မီးငြိမ်းသတ်ပြီးနောက် ၊ ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်အစောပိုင်းတွင် အောင်မြင်စွာ မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။ ဖြစ်စဉ်တွင် မီးသတ်သူရဲကောင်းများ နှင့်၊ စေတနာ့ ဝန်ထမ်း စုစုပေါင်း (၁၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ၄င်းတို့မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိနေပါသည်။ ၄င်းတို့အနက် (၁၇) ဦးမှာ ဆေးရုံက ဆင်းနိုင်ခဲ့ပြီး၊ ကျန် (၂)ဦးမှာ စိုးရိမ်ရသည့် အခြေအနေ မရှိပါ။

အရက်သိုလှောင်သိမ်းဆည်းရာနေရာတွင်၊ မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ သိုလှောင်ထားသည့် ၉၆%အရက်ကြမ်းများ ၊ အရက်ဖျော်စပ် ရာတွင်အသုံးပြုသော tank ကြီးများ ထိခိုက်ဆုံးရှုံး၊ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါသည်။ ပင်မ အရက်ချက်စက်ရုံ၊ ပုလင်းသွင်းစက်ရုံ နှင့် နှစ်ချို့အရက်စည်များ အခြမ်းသို့ မီး ကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ပါ။

မီးလောင်မှုဖြစ်ပွားစေသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး၊ ယခု သိရှိရသည့် အထောက် အထားများအရ မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်သည်ဟု ယူဆရပါသည်။ ကုမ္ပဏီအနေနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ နှင့် မီးလောင်မှု ဖြစ်စဉ်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ သက်ဆိုင်ရာ အာမခံကုမ္ပဏီများ နှင့်လည်း သင့်တော်သော ဆုံးရှုံးမှု ပမာဏာအတွက် ဆွေးနွေးလျက်ရှိနေပါသည်။

“ကျွန်တော်တို့ အနေနဲ့ မီးလောင်မှုဖြစ်စဉ်အတွင်း ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့သူများအားလုံးကို အထူးပဲ ကျေးဇူးတင် ပါတယ်ခင်ဗျာ။ GRGI က စီမံအုပ်ချုပ်မှုအဖွဲ့ဟာ လိုအပ်တဲ့ လုပ်‌ဆောင်မှုများကို လုပ်ဆောင်နေပြီ ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးထားပြီး၊ အရက်ချက်လုပ်ခြင်းနှင့် ပုလင်းသွတ် လုပ်ငန်းများ ပြန်လည် စတင် နိုင်မယ်လို့ ခန့်မှန်းပါတယ်။ မန္တလေး စက်ရုံက တော့ အရင်အတိုင်း လည်ပတ်ဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စျေးကွက် ထဲမှာ ပစ္စည်းပြတ်လတ်မှု မရှိစေရအောင် ကုန်ပစ္စည်း ဖြန့်ဖြူး သူတွေနဲ့ စနစ်တကျ လုံလောက်တဲ့ ကုန်ပစ္စည်း တွေထားရှိပြီး ဖြစ်ပါတယ်။” ဟု GRGI ရဲ့ စီအီးအို ရာဟူးလ်ဂျွန်ကိုလာကိုလ် က ပြောကြားခဲ့ပါတယ်။

GRGI ၏ ၂၆ နှစ်မြောက်အထိမ်းအမှတ် လှူဒါန်းခြင်း (၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့)

Grand Royal Group International (GRGI) က စဉ်ဆက်မပြတ် လုပ်ဆောင်နေသော၊ လူထု အကျိုးပြု အစီစဥ်၏ ကဏ္ဍတစ်ရပ်အနေနှင့်၊ လုပ်ငန်းလည်ပတ်ရာ ရန်ကုန်စက်ရုံနှင့် မန္တလေးစက်ရုံ၊ အနီး ပတ်ဝန်းကျင် တို့တွင် မှီတင်း နေထိုင်ကြသော၊ ဒေသခံ ရပ်မိရပ်ဖများကို အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ပါသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေနှင့် ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုတို့ကြောင့် သန်းပေါင်းများစွာသော မိဘ ပြည်သူတို့၏ လူနေမှုဘဝများစွာကို ထိခိုက်နစ်နာစေခဲ့ပြီးဖြစ်ပါသည်။ GRGI အနေဖြင့်၊ ယခုကဲ့သို့သော လူမှုဘဝ ရိုက်ခတ်မှုများ အပေါ် ကောင်းစွာ သိရှိထားသောကြောင့် လိုအပ်သည့် အကူအညီများကို မိမိတို့တတ်နိုင်သည့်ဖက်က ကူညီ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားလျှက်ရှိပါသည်။ ပရဟိတသည် မိမိတို့ အိမ်အတွင်းကပင် စတင် အကောင်အထည် ဖော်ရသည် ဟု ယုံကြည်ထားကြသည် နှင့်အညီ၊ မိမိတို့နှင့် အနီးကပ် ထိတွေ့နေရသော စီးပွားရေး လုပ်ငန်း လည်ပတ်ရာ လူမှုပတ်ဝန်းကျင်ကို ပထမဦးစားပေး အနေနှင့် ထောက်ပံ့ပေးသွားခြင်း ဖြစ်ပါသည်။

GRGI အနေဖြင့်၊ အိမ်ထောင်စုတစ်စုလျှင် မြန်မာငွေကျပ် တစ်သိန်း တန်ဖိုးရှိသော အခြေခံစားသောက်ကုန် (၁၃) မျိုး ပါဝင်သည့်၊ စားသောက်ကုန်များနှင့် ၂၅ ကီလို အလေးချိန်ရှိ ဆန်အိတ် (၂) အိတ်တို့ကို ရန်ကုန်စက်ရုံ ပတ်ဝန်းကျင်ရှိ အိမ်ထောင်စု (၉၃၂) စု နှင့် မန္တလေးစက်ရုံ ပတ်ဝန်းကျင်ရှိ အိမ်ထောင်စု (၁၂၆) စု တို့အတွက် ထောက်ပံ့လှူဒါန်းသည့်အပြင်၊ ဘုန်း‌တော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့်  အသင်းတော်ကျောင်းများအတွက် ဝတ္ထုငွေကျပ် ဆယ်သိန်းစီ (ရန်ကုန်အတွက် ဘုန်းတော်ကြီး‌ကျောင်း (၁) ကျောင်း၊ အသင်း‌တော် (၁) ကျောင်းနှင့် မန္တလေးအတွက် ဘုန်းတော်ကြီးကျောင်း (၆) ကျောင်း၊ သီလရှင်ကျောင်း (၁) ကျောင်း) တို့အတွက်လည်း ထည့်သွင်း၊ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ဤအလှူဒါန ဖြစ်မြောက်ဖို့အတွက် GRGI ဝန်ထမ်းများနှင့် အခြားသောကုမ္ပဏီက ဝန်ထမ်းများက မ, တည်ငွေကျပ် သိန်း ၃၈၀ ကျော် ပါဝင်ထားကြပြီး၊ ကုမ္ပဏီဖက်ကလည်း အပိုထပ်ဆောင်းထည့်ဝင် ထားပါသည်။ 

၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့တွင် GRGI ဝန်ထမ်းများက စုပေါင်းလုပ်အားပေးကြကာ၊ လှူဖွယ်ပစ္စည်းများကို ဒေသခံမိဘပြည်သူများ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဤအလှူဒါနသည် ခက်ခဲသည့် အချိန်ကာလအတွင်းမှာ၊ လက်ခံရရှိသော မိဘပြည်သူများ၏ အခက်အခဲများကို တစိတ်တပိုင်း ဖြေရှင်း ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။

GRGI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ၊ Mr. Rahul John Colaco က “GRGI အနေနဲ့၊ လုပ်ငန်းလည်ပတ်လာတဲ့ (၂၆) နှစ်တာသက်တမ်း တစ်လျှောက်မှာ၊ ကျွန်တော်တို့ခံယူထားတဲ့ “တာဝန်ကျေပွန်တဲ့ နိုင်ငံ့သားကောင်းဖြစ်စေရေး” ဆောင်ပုဒ်နဲ့အညီ၊ လူမှုအကျိုးပြုလုပ်ငန်းများ (CSR) ကို အစဥ်တစ်စိုက် အလေးပေး လုပ်‌ဆောင်လျှက်ရှိပါတယ်။ လုပ်ငန်းလည်ပတ်ရာ ရန်ကုန်စက်ရုံနဲ့ မန္တလေးစက်ရုံ အနီးပတ်ဝန်းကျင်က၊ ကျွန်တော်တို့နဲ့ ဆက်နွယ်နေတဲ့သူတွေရဲ့ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူမှုရေးရာကိစ္စရပ်တွေမှာလည်း အခါအားလျော်စွာ၊ လစဥ်၊ အပတ်စဥ် ပုံမှန် ကူညီထောက်ပံ့ပေးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ဧပြီလ မှာ ဆိုရင်တော့ ကျွန်တော်တို့တွေက ကုမ္ပဏီရဲ့  (၂၆) နှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ ဒေသခံ မိဘပြည်သူများအတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ လာရောက်လှူဒါန်းကြတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဘုန်တော်ကြီးများ၊ အသင်းတော်ကျောင်းများအတွက် ဝထ္တုငွေကပ်တာတွေအပြင်၊ မှော်ဘီမြို့နယ် သဲကုန်ကျေးရွာအုပ်စုက ပြည်သူလူထုအတွက် အ‌ရေးပေါ်လူနာတင်ယာဥ် နှစ်စီးရပ်နားဖို့အတွက် အဆောက်အဦးတည်ဆောက်ဖို့ရယ်၊ သောက်သုံးရေကန်ဟောင်း ပြန်လည် တူးဖော်နိုင်ရန် တို့အတွက် မ, တည်ငွေ တွေကို လည်း တစ်ပါတည်း ကူညီထောက်ပံ့ပေးဖြစ်ပါတယ်။ ကျွန်တော်တို့ ကောင်းနိုးရာရာ ရွေးချယ်ထုတ်ပိုးထားတဲ့ စားသောက်ကုန်တွေကို လူကြီးမင်းတို့ မိသားစုဝင်များနဲ့အတူတူ တပျော်တပါး သုံးဆောင်ကြပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူကြီးမင်းတို့ရဲ့ အခက်အခဲတွေ၊ လိုအပ်နေတဲ့ အချိန်မှာ အကူအညီ၊ အထောက်အပံ့တွေကို အချိန်မီ ပေးနိုင်ဖို့အတွက် နားစွင့်ထားပါတယ်လို့ GRGI ကိုယ်စား ပြောကြားရင်းနဲ့၊ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာဘေးကင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။”

GRGI သည် မြန်မာပြည်သူများအားလုံး၏ အကျိုးကို မျှော်ကိုးသော မိသားစုကြီးပမာလုပ်ငန်းများကို လုပ်ကိုင် လျှက်ရှိပြီး၊ မိမိတို့နှင့် ဆက်စပ်နေသောလူမှုအသိုက်အဝန်း၏ လူနေမှုဘဝအရေးပါမှုကိုလည်း တန်ဖိုးထားကာ အစဉ် အမြဲ အသိအမှတ် ပြုလျှက်ရှိပါသည်။