၂၀၂၆ သြဂုတ်လ ၂၄၊ ရန်ကုန်၊ မြန်မာ
Grand Royal Group International (GRGI) သည် မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ အစဉ်တစိုက် ပံ့ပိုးကူညီလာခဲ့သည့် ခိုင်မာသောကတိကဝတ်ကို ဆက်လက်အကောင် အထည်ဖော်ဆောင်လိုက်နိုင်ပြီး၊ အမည်သစ်ဖြင့် ပြန်လည်စတင်သည့် မြန်မာလိဂ် (Myanmar League) ၏ Title Sponsor အဖြစ် ဆက်လက်ပါဝင်ပံ့ပိုးသွားမည်ဖြစ်သည်။ ထိုသို့ ဆက်လက်ပံ့ပိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ အထင်ကရ ဘောလုံးပြိုင်ပွဲကြီးအတွက် အခန်းကဏ္ဍသစ်တစ်ရပ်ကို စတင်လိုက်နိုင်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် Novotel Yangon Max ၌ ကျင်းပခဲ့သည့် M League စတင်မိတ်ဆက်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်မှ တာဝန်ရှိသူများ၊ ဘောလုံး အသင်းပိုင်ရှင်များ၊ ကစားသမားများ၊ နည်းပြများ၊ ဒိုင်လူကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဘောလုံး အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် Grand Royal Group International ၏ အမှုဆောင်အရာရှိချုပ်က ဘောလုံးအားကစားသည် လူမှုအသိုက်အဝန်းများကို စည်းလုံးညီညွတ်စေပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူများအကြား ဂုဏ်ယူမှု၊ စိတ်အားထက်သန်မှုနှင့် တစ်သားတည်းဖြစ်မှုတို့ကို ပိုမိုခိုင်မာစေသည့် ထူးခြားသော စွမ်းအားတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ဘောလုံးအားကစားသည် Grand Royal Group International ၏ “Creating and Celebrating Happiness Together” — “အတူတကွ ပျော်ရွှင်မှုများကို ဖန်တီးပြီး အတူတကွ ဆင်နွှဲခြင်း” ဟူသည့် ကုမ္ပဏီ၏ ရည်ရွယ်ချက်နှင့်လည်း အပြည့်အဝ ကိုက်ညီကြောင်း အမှုဆောင်အရာရှိချုပ်က အလေးပေးပြောကြားခဲ့ပါသည်။
GRGI ၏ မြန်မာ့ဘောလုံးအားကစားအပေါ် အစဉ်တစိုက်ပံ့ပိုးကူညီမှုသည် မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ် ဘောလုံးအားကစား စတင်ဖွံ့ဖြိုးလာသည့် ကာလမှစ၍ ယနေ့တိုင် ဆက်လက်တည်ရှိနေခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် တည်ထောင်သူ ဘောလုံးအသင်းများဖြင့် မြန်မာနေရှင်နယ်လိဂ်ကို စတင်တည်ထောင်ခဲ့စဉ်ကတည်းက Grand Royal Group International သည် အစောပိုင်းကတည်းက ပါဝင်ပံ့ပိုးခဲ့သည့် Sponsor တစ်ဦးဖြစ်ပြီး မြန်မာ့ဘောလုံးအားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ခိုင်မာသောကတိကဝတ်ဖြင့် ဆက်လက်ပံ့ပိုးလာခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာလိဂ် (Myanmar League) အမည်သစ်ဖြင့် သမိုင်းသစ်တစ်ရပ်ကို စတင်လျှောက်လှမ်းသည့်အချိန်တွင် GRGI သည် မြန်မာလိဂ်၏ ပြန်လည်ဆန်းသစ်ထားသည့် ရည်မှန်းချက်နှင့် ရှေ့ဆက်မည့် မျှော်မှန်းချက်သစ်ကို ကြိုဆို လိုက်ပါသည်။ “ONE League, ONE Nation.” ဟူသည့် ဆောင်ပုဒ်သည် ဘောလုံးအားကစားမှတစ်ဆင့် စည်းလုံးညီညွတ်ခြင်း ပြယုဂ် ကို ထင်ဟပ်စေပါသည်။ ဤသမိုင်းသစ် တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘောလုံးအားကစား၊ လူမှုအသိုက်အဝန်းများနှင့် ပရိသတ်များအကြား ဆက်သွယ်မှုနှင့် စည်းလုံး ညီညွတ်မှုများ ပိုမိုခိုင်မာလာမည်ဟု GRGI က ယုံကြည်ထားပါသည်။
Sponsor အဖြစ် ပံ့ပိုးကူညီခြင်းထက် ပိုမိုကျယ်ပြန့်စွာ GRGI သည် Hantharwaddy United Football Club ကို ပိုင်ဆိုင်ထားခြင်း မှ တစ်ဆင့် မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်လျက် ရှိပါသည်။ အသင်းတစ်သင်း အောင်မြင်စွာ တည်ဆောက်နိုင်ရန်၊ အရည်အချင်းရှိသည့် ကစားသမားများ ပေါ်ထွက် လာစေရန် နှင့် ဘောလုံးအားကစားလောကတစ်ရပ်လုံး ပိုမိုခိုင်မာလာစေရန် အပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အဖွဲ့အစည်းအသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှုတို့ မည်မျှအရေးကြီးကြောင်း GRGI အနေဖြင့် ကောင်းစွာ နားလည်သဘောပေါက်ထားပါသည်။
Grand Royal Group International အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်မှ တာဝန်ရှိသူများ၊ ဘောလုံးအသင်းပိုင်ရှင်များ၊ ကစားသမားများ၊ နည်းပြများ၊ ဒိုင်လူကြီးများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ဘောလုံးအားကစားဝါသနာရှင်များ၏ အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုနှင့် ပံ့ပိုးကူညီမှုများကို အထူး အသိအမှတ်ပြုပါသည်။ အားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်မှုနှင့် ခိုင်မာသောကတိကဝတ်များသည် မြန်မာ့ ဘောလုံးအားကစား ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အရေးပါသော အင်အားတစ်ရပ်အဖြစ် ဆက်လက် အထောက်အကူပြုလျက်ရှိပါသည်။
ဘောလုံးရာသီသစ်အတွက် GRGI အနေဖြင့် ပြိုင်ဆိုင်မှုအပြည့်နှင့် စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်များ၊ ပရိသတ်များ အတွက် အမှတ်တရဖြစ်စေမည့် အခိုက်အတန့်များနှင့် ဘောလုံးအားကစား၏ စိတ်ဝင်စားဖွယ် အတွေ့အကြုံကောင်း များကို မျှော်လင့်ထား ပါသည်။ ထို အတွေ့အကြုံများမှတစ်ဆင့် ပရိသတ်များအကြား ပိုမို နီးကပ်စွာ စည်းလုံး ချိတ်ဆက်နိုင်စေပြီး နောင်လာမည့် မျိုးဆက်သစ် ဘောလုံးကစားသမားများအတွက်လည်း အားတက်စရာများ ဖြစ်စေမည်ဟု ယုံကြည်ပါသည်။
မြန်မာလိဂ် (Myanmar League) ၏ Title Sponsor အဖြစ် Grand Royal Group International သည် မြန်မာ့ဘောလုံးအားကစား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး၊ ဘောလုံး အားကစားမှ တစ်ဆင့် စည်းလုံးညီညွတ်မှု၊ စိတ်အားထက်သန်မှုနှင့် ဂုဏ်ယူမှုတို့ကို ပိုမိုခိုင်မာစေရန်လည်း ဆက်လက် ပါဝင်ပံ့ပိုးသွားမည်ဖြစ်သည်။











