၂၀၂၅ခုနှစ် လူထုအကျိုးပြုစီမံကိန်းများ၏ နှစ်ပတ်လည်အစီရင်ခံစာ

Grand Royal Group International ၏ လူထုအကျိုးပြုလုပ်ငန်းများ

Grand Royal Group International (GRGI) အနေနှင့် “တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်း” ဟူသော ကုမ္ပဏီ၏ ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းနှင့်ပတ်သက်ဆက်နွယ်သူများ၊ ဝန်ထမ်းများ၊ ဝယ်ယူစားသုံးသူများနှင့် အဓိကအားဖြင့် မြန်မာပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်တစိုက် အလေးထား လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်မှစတင်၍ ThaiBev ၏ Transformation 3.0 Project ဖြစ်သည့် Passion 2030 နှင့်အညီ GRGI သည် ဒေသခံ အများပြည်သူများနှင့် အပြန်အလှန် အကျိုးပြုနိုင်သည့်၊ အမှန်တကယ် လိုအပ်ချက်ရှိသော ဧရိယာများတွင် လူထုအကျိုးပြုစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Create and Celebrate Happiness Together.

မျှော်မှန်းချက်

ဝယ်ယူသုံးစွဲသူများနှင့်အတူတကွ ပျော်ရွှင်မှုများကိုဖန်တီးဆင်နွှဲရင်း၊ သစ်လွင်ဆန်းသစ်သော နည်းလမ်း များဖြင့် အဖျော်ယမကာများ ထုတ်လုပ်ပြီး၊ ဝယ်ယူသောက်သုံး အားပေးသူများ အားလုံးဆီသို့ ရေရှည် တည့်တံ့စွာနှင့် စဉ်ဆက်မပြတ်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်။

အနာဂတ်ပညာရှင်များကို ပြုစုပျိုးထောင်ခြင်း - GRGI Internship Program 2025

၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်းတွင် GRGI အနေနှင့် လူငယ်များ၏ အရည်အချင်းအား မြှင့်တင်ပေးရန်နှင့် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရန်အတွက် Manufacturing၊ Marketing နှင့် Human Capital ဌာနများတွင် အလုပ်သင်စုစုပေါင်း (၁၆) ဦးကို ခေါ်ယူ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ၎င်းတို့၏ အလုပ်သင်ကာလတစ်လျှောက်တွင် အလုပ်သင်များသည် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အသစ်များတွင် ပါဝင်ကူညီခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းကမ်ပိန်းများတွင် ဝိုင်းဝန်း လုပ်ဆောင်ခြင်းနှင့် Human Capital မဟာဗျူဟာများကို ပိုမိုကောင်းမွန်အောင် ပံ့ပိုးပေးခြင်း စသည့် လုပ်ငန်းကဏ္ဍ အသီးသီးတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပါသည်။

၎င်းတို့၏ ပါဝင်အားဖြည့်မှုများသည် ကုမ္ပဏီအတွက် သစ်လွင်သော အတွေးအခေါ်များနှင့် အမြင်သစ်များကို ရရှိစေခဲ့သည်သာမက တက်ကြွပြီး ပူးပေါင်းဆောင်ရွက်မှုရှိသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ ယခုအလုပ်သင်ကာလ ပြီးဆုံးချိန်တွင် အလုပ်သင်များအားလုံးသည် အစီအစဉ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြပြီး ကုမ္ပဏီအတွက် ကောင်းမွန်သော အမှတ်တရနှင့် ရလဒ်ကောင်းများကို ချန်ထားရစ်နိုင်ခဲ့သလို နောင်လာမည့် အလုပ်သင်အစီအစဉ်များအတွက်လည်း လမ်းစဖောက်ပေးနိုင်ခဲ့ပါသည်။

GRGI အနေနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်မှုများအတွက် ဂုဏ်ယူမိသလို အနာဂတ် ခေါင်းဆောင်ကောင်းများကို ဆက်လက် ပြုစုပျိုးထောင်ပေးသွားရန် ကတိပြုပါသည်။ ဒါ့အပြင် ယခုနှစ်တွင် ပါဝင်ခဲ့ကြသော အလုပ်သင် (၂) ဦးသည် Marketing နဲ့ Human Capital ဌာနများတွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရပြီး လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ဝမ်းမြောက်စရာ သတင်းတစ်ခုအနေနှင့် အသိပေးအပ်ပါသည်။

Drink Smart, Drive Safe: တာဝန်သိစွာသောက်သုံးခြင်းနှင့် လမ်းအန္တရာယ်ကင်းရှင်းရေးကမ်ပိန်း

“မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း” (MLA) ၏ ဖြစ်တည်ခြင်းကို ပိုမိုသိရှိလာစေရန်နှင့် မြို့ပြရှိ ယာဉ်မောင်းသူများအကြား တာဝန်ယူမှုရှိသော သောက်သုံးမှုအလေ့အထ (Responsible Drinking) အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ GRGI က “Drink Smart, Drive Safe” ဟူသော လူထုအကျိုးပြုကမ်ပိန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားဝင်စတင်ခဲ့ပါသည်။ ဤကမ်ပိန်းအား MLA အဖွဲ့ဝင် ကုမ္ပဏီအသီးသီးနှင့် အစည်းအဝေးများ ပြုလုပ်ကာ ညှိနှိုင်းအတည်ပြုချက် ရယူပြီးနောက် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ ဤကမ်ပိန်း၏ အဓိကရည်ရွယ်ချက်မှာ တာဝန်ယူမှုရှိစွာ သောက်သုံးခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ဆုံးဖြတ်ချက်ထက် လူမှုပတ်ဝန်းကျင်အပေါ် တာဝန်ယူမှု ရှိခြင်းဖြစ်သည် ဟူသည့် အချက်အား မီးမောင်းထိုးပြနိုင်ရန် ဖြစ်ပါသည်။ အဓိကအားဖြင့် မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ခြင်းအားဖြင့် မတော်တဆမှုများကို တားဆီးနိုင်ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ကို လူထုထံ သတိပေးနှိုးဆော်နေခြင်း ဖြစ်ပါသည်။

GRGI သည် လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသော ကုမ္ပဏီဖြစ်သည့်အားလျော်စွာ MLA အတွက် ဤကမ်ပိန်းအား စတင်အကောင်အထည်ဖော်ပေးခဲ့သည့်အပြင် ကမ်ပိန်းတစ်ခုလုံးကို စနစ်တကျဖြင့် အဓိက စီမံခန့်ခွဲပေးနေခြင်းလည်း ဖြစ်ပါသည်။ ကမ်ပိန်းအကြောင်းအရာများကို မြန်မာဘာသာနှင့် ဖော်ပြပေးနေပြီး အများပြည်သူနှင့် သက်ဆိုင်သော ဗဟုသုတဖြစ်ဖွယ်ရာ အကြံပြုချက်များ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ သတိပေးချက်များနှင့် လူနေမှုဘဝ ဇာတ်ကြောင်းများနှင့် ထိတွေ့မှုရှိစေသည့် Real-life story ပုံစံ အကြောင်းအရာများကို အသုံးပြုပြီး လူမှုကွန်ရက်က တစ်ဆင့် Target Audience များထံသို့ ထိရောက်စွာ ချပြပေးနေပါသည်။ ဒါ့အပြင် ကမ်ပိန်း ပိုမိုကျယ်ပြန့်စေရန်အတွက် TikTok တွင်လည်း ထပ်မံတိုးချဲ့ လုပ်ဆောင်ခဲ့ပါသည်။

ကမ်ပိန်း၏ အဓိက အမှတ်အသား (Masthead) အား မြန်မာနိုင်ငံတွင် အလွယ်တကူတွေ့မြင်လေ့ရှိသော လမ်းညွှန်သတိပေး အမှတ်အသားမှ စိတ်ကူးရယူထားခြင်း ဖြစ်ပါသည်။ Masthead တွင် ကားဘရိတ်နှင့် ယမကာပုလင်းပုံစံတို့ကို တွဲဖက်ပြီး “အာမေဍိတ် (!) သင်္ကေတ” အဖြစ် သတိပေးချက်ပုံစံ ဖော်ဆောင်ထားကာ ယမကာအဝါရောင်နှင့် လမ်းသင်္ကေတ တို့ကို အသုံးပြုထားပါသည်။

အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အား Drink Smart, Drive Safe (Facebook) နှင့် Drink Smart, Drive Safe (TikTok) တို့တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

(၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့အား လူမှုအကျိုးပြု အလှူအတန်းများဖြင့် ဂုဏ်ပြုခြင်း

GRGI ၏ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့သည် ၂၀၂၄ ခုနှစ်တွင် ကျရောက်ခဲ့ပြီး ယခုကဲ့သို့ ထူးခြားသော မှတ်တိုင်အား ဂုဏ်ပြုသောအားဖြင့် နှစ်ပတ်လည်ကာလအပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ပရဟိတအလှူအတန်းများကို ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအလှူအတွက် လိုအပ်သော ရန်ပုံငွေများအား ကုမ္ပဏီအနေနှင့်သော်လည်းကောင်း၊ အကြီးတန်း စီမံခန့်ခွဲမှု ခေါင်းဆောင်များ နှင့် စိတ်အားထက်သန်သော ဝန်ထမ်းများအားလုံး စုပေါင်း ထည့်ဝင်ခဲ့ကြခြင်းဖြင့်သော်လည်းကောင်း ရရှိလာသော အလှူငွေများအား ရန်ကုန်နှင့် မန္တလေး စက်ရုံများ အနီးတစ်ဝိုက်တွင် နေထိုင်သည့် ဒေသခံ အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများအား ပံ့ပိုး လှူဒါန်းပေးခဲ့ ပါသည်။

အလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပခဲ့ပါသည်။ ဤအခမ်းအနားအား လိပ္ပုတ်ကျေးရွာမှ ဒေသခံပြည်သူများနှင့်အတူ GRGI ၏ လေးစားအားထားရပါသော Co-Chairman၊ Chief Executive Officer၊ Chief Finance Officer၊ Chief Manufacturing Officer၊ Chief Quality Officer၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဤလှုဒါန်းမှုအားဖြင့် GRGI၏ ဒေသခံလူထုအား ကူညီပံ့ပိုးပေးရန်နှင့် အဓိပ္ပာယ်ရှိသော လူထုအကျိုးပြု စီမံကိန်းလုပ်ငန်းများကို ဖော်ဆောင်ပေးရန် အစဉ်တစိုက် ကတိကဝတ်ပြုထားမှုကို ပေါ်လွင်စေပါသည်။ ယင်းသည် ၂၀၂၁ ခုနှစ် (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့မှ စတင်ခဲ့သော ကုမ္ပဏီ၏ ကောင်းမွန်သည့် အစဉ်အလာတစ်ခုအား ဆက်လက် ထိန်းသိမ်းလိုက်ခြင်းလည်း ဖြစ်ပါသည်။

ဧရာဝတီတိုင်းအတွင်းရှိ လူမှုအသိုက်အဝန်းများ ကျန်းမာရေးနှင့်ညီညွတ်စေရန် ရည်ရွယ်သည့် ရေရှည်တည်တံ့သော သောက်သုံးရေရရှိရေးစီမံကိန်း

GRGI ၏ အဓိက စံထားရသော မဏ္ဍိုင်ကြီး တစ်ခုဖြစ်သည့် ‘လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသူ အားလုံးကို လေးစားသမှုနှင့် အလေးထား ဆက်ဆံခြင်း’ ဟူသောအချက်နှင့်အညီ ကုမ္ပဏီထုတ်ကုန်များ၏ အဓိက ကုန်ကြမ်းဖြစ်သော ‘ဆန်ကွဲ’ထွက်ရှိရာ ဒေသများတွင် လိုအပ်ချက်များအလိုက် လူထုအကျိုးပြု စီမံကိန်းများအား တတ်အားသရွေ့ ဆောင်ရွက်ပေးနေပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်နှင့် ဂွေးတောက်ချောင်းကျေးရွာများတွင် သန့်ရှင်းသော သောက်ရေသန့်ကို အဓိက လိုအပ်နေခြင်းကြောင့် သောက်ရေသန့်ကို ဖောဖောသီသီ သောက်သုံးနိုင်အောင် ရေသန့်စက်အား ဆောက်လုပ် လှူဒါန်းပေးခဲ့ပါသည်။ မိခင်ကုမ္ပဏီဖြစ်သော Thai Beverage Public Company Limited ၏ လမ်းညွှန်ချက်နှင့်အညီ Grand Royal က သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်နေသောကြောင့် သောက်ရေသန့်စက်ကို လျှပ်စစ်မီး အသုံးပြုစရာ မလိုဘဲ သဘာဝနေရောင်ခြည် စွမ်းအင်ဖြင့် လည်ပတ်နိုင်အောင် ဆိုလာစနစ်ကိုပါ တပ်ဆင်ပေးထားခြင်း ဖြစ်ပါသည်။

ရွာခံများအတွက် သန့်ရှင်းသည့် သောက်ရေသန့်ကို ထုတ်လုပ်ပေးသော ရေသန့်စက်သည် နေရောင်ခြည်ရရှိမှုပေါ်မူတည်ကာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၅) နာရီမှ (၆) နာရီအထိ လည်ပတ်နိုင်ပြီး ရေသန့်ထုတ်လုပ်မှုအားဖြင့် တစ်နာရီကို လီတာ (၅၀၀)ခန့် သန့်စင်ပေးနိုင်အောင် ဆောင်ရွက်ပေးထားပါသည်။ ထို့အပြင် ရေသန့်စက်မှ သန့်စင်ပြီးသည့် သောက်ရေသန့်သည် ရွာခံများအတွက် နေ့စဉ် လုံလောက်နိုင်သည့်အပြင် ရွာလမ်းမှ ဖြတ်သန်းသွားလာကြသော အများပြည်သူများ အမောပြေနိုင်ရန် အလို့ငှာ အကျိုးပြုသည့် ရေချမ်းစင် ဖြစ်ပါသည်။ ဤလှူဒါန်းမှုအားဖြင့် GRGI က အားထားရသော လူမှုအသိုင်းအဝိုင်းပေါ်တွင် အလေးအနက်ထား ဆက်ဆံတတ်မှုနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုတို့ကို ထင်ဟပ်နေစေ ပါသည်။

စီမံကိန်း အောင်မြင်စွာ ပြီးမြောက်ခဲ့သော မှတ်တမ်းဗွီဒီယို ကြည့်ရန် – Video Link

မကွေးတိုင်းဒေသကြီးရှိ လူမှုအသိုက်အဝန်းအတွက် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးစီမံကိန်း

GRGI အနေနှင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကနီကျေးရွာတွင် အိမ်ထောင်စုပေါင်း (၁၉၀) ကျော်နှင့် လူဦးရေ (၁,၁၀၀) ကျော်ကို အကျိုးပြုနိုင်သည့် သန့်ရှင်းသော သောက်သုံးရေရရှိရေး စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ဤစီမံကိန်းသည် ကျေးရွာလူထုအတွက် ဘေးကင်းလုံခြုံသော သောက်သုံးရေကို လွယ်လွယ်ကူကူ ရရှိစေရန်၊ ရေကြောင့်ဖြစ်ပွားတတ်သော ကျန်းမာရေးဆိုးကျိုးများကို လျှော့ချနိုင်ရန်နှင့် စနစ်တကျ ရေအသုံးချမှု အလေ့အထများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

စီမံကိန်း၏ အဓိကလုပ်ဆောင်ချက်များအနေနှင့် အနက်ပေ (၈၀၀) ကျော်ရှိသော (၆) လက်မအချင်းရှိ (နေရောင်ခြည်စွမ်းအင်သုံး အဝီစိတွင်း) တူးဖော်ခြင်း၊ ဂါလံ (၅,၀၀၀) ဆံ့ မြေအောက်ရေလှောင်ကန် တည်ဆောက်ခြင်း၊ တစ်နာရီကို လီတာ (၁,၀၀၀) ထုတ်လုပ်နိုင်သော နေရောင်ခြည်စွမ်းအင်သုံး RO ရေသန့်စင်စနစ်တပ်ဆင်ခြင်းတို့ ပါဝင်ပါသည်။

ထို့အပြင် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် အိမ်ထောင်စုများဆီသို့ တိုက်ရိုက်ရေဖြန့်ဝေပေးသည့် ဂါလံ (၂,၅၀၀) ဆံ့ အမြင့်တင်ရေစင်ကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့ပါသည်။ ရေရှည်တည်တံ့စေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူထားသော တိရစ္ဆာန်များအတွက်ပါ အသုံးပြုနိုင်သည့် ဂါလံ (၂,၀၀၀) ဆံ့ စွန့်ပစ်ရေစုကန်နှင့် ဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်းအတွက် ဂါလံ (၂,၀၀၀) ဆံ့ အများသုံးရေကန်ကိုလည်း ရေဖြန့်ဝေရေးစနစ် အပြည့်အစုံနှင့် ပံ့ပိုးပေးခဲ့ပါသည်။

ဝန်ထမ်းများနှင့် လူမှုအသိုင်းအဝိုင်းအတွက် လူမှုဖူလုံရေး အထောက်အပံ့ပေးခြင်း အစီအစဉ်

ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသည့် GRGI ၏ ကတိကဝတ်နှင့်အညီ၊ မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပွဲတော် အခါသမယတွင် နှစ်စဉ်ပြုလုပ်လျက်ရှိသော သက်သာချောင်ချိရေးအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်သည် Job Grade 5 နှင့် အောက်ရှိ ဝန်ထမ်းများအပြင်၊ မြန်မာနိုင်ငံတစ်ဝန်းရှိ GRGI ၏ အရောင်းဌာနများနှင့် သိုလှောင်ရုံများ တည်ရှိရာ အနီးတစ်ဝိုက်မှ အိမ်ထောင်စုများအတွက် မရှိမဖြစ်လိုအပ်သော အထောက်အပံ့များ ပေးအပ်ကာ ထိုလူမှုအသိုက်အဝန်းများနှင့်အတူ ရှိကြောင်း ပြသ ဖော်ဆောင် ခဲ့ပါသည်။

ဤလုပ်ဆောင်ချက်သည် GRGI ၏ အဓိက စံထားရသော မဏ္ဍိုင်ကြီး တစ်ခုဖြစ်သည့် ‘လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသူ အားလုံးကို လေးစားသမှုနှင့် အလေးထား ဆက်ဆံခြင်း’ အား ထင်ဟပ်စေရုံသာမက၊ အဓိပ္ပာယ်ရှိ‌သော အောင်ပွဲများနှင့် ပျော်ရွှင်မှုများသည် မိမိတို့ ဝန်ဆောင်မှုပေးနေရသူများကို ပြန်လည်မျှဝေပေးခြင်းကနေ စတင်ခြင်းဖြစ်သည် ဆိုသော ယုံကြည်ချက်ကို ပိုမိုခိုင်မာစေပါခဲ့သည်။

ပဲခူးတိုင်းဒေသကြီးရှိ နေရောင်ခြည်စွမ်းအင်သုံးဆည်ရေသွင်းစနစ်နှင့် RO ရေသန့်စနစ်တို့၏ လက်ရှိအခြေအနေ

၂၀၂၃ ခုနှစ်တွင် GRGI သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စံဖဲစံပြကျေးရွာတွင် နေထိုင်သော ဒေသခံ တောင်သူလယ်သမားများ အတွက် နေရောင်ခြည် စွမ်းအင်သုံး ဆည်ရေသွင်းစနစ်ကို လူထုအကျိုးပြု စီမံကိန်းတစ်ခုအနေနှင့် စမ်းသပ် အကောင်အထည် ဖော်ခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို စတင်ပေးခဲ့ပါသည်။ ဤစနစ်က နွေဦး၊ နွေရာသီနှင့် မိုးရာသီများတွင် ရေရရှိမှုကို သိသိသာသာ တိုးတက်ကောင်းမွန်စေခဲ့ပြီး ‌တောင်သူလယ်သမားများသည် တစ်နှစ်အတွင်း နွေစပါးနှစ်သီးနှင့် မိုးစပါးတစ်သီး ရိတ်သိမ်းနိုင်ခဲ့သည်။ ယမန်နှစ် ၂၀၂၅ ခုနှစ်တွင် လယ်သမားများသည် စပါး (၁၈၈) ဧကခန့် ရိတ်သိမ်းနိုင်ခဲ့ပြီး စပါးအထွက်နှုန်း စုစုပေါင်း (၃၈၁,၃၂၀) ကီလိုဂရမ်နှင့် ညီမျှသော (၁၈,၂၈၀) တင်း ကျော် ထွက်ရှိခဲ့ပါသည်။

ယခုကဲ့သို့ စပါးအထွက်နှုန်း တိုးလာခြင်းကြောင့် ဒေသခံများ၏ ဝင်ငွေများ တိုးပွားလာခြင်း၊ လူမှုစီးပွားဘဝ တည်ငြိမ်လာခြင်းနှင့် နောင်လာမည့် စိုက်ပျိုးရာသီများတွင်လည်း စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်ရန် ဒေသခံ တောင်သူလယ်သမားများအကြား ယုံကြည်မှုများ ပိုမိုမြင့်မားလာခဲ့ပါသည်။ ထို့အပြင် စက်သုံးဆီသုံးရေစုပ်စက်များအပေါ် မှီခိုရမှုကို လျှော့ချပေးနိုင်ခဲ့သဖြင့် လုပ်ငန်းလည်ပတ်စရိတ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကိုပါ လျှော့ချပေးနိုင်ခဲ့ပါသည်။ ဤစီမံကိန်းသည် ရေရှည်တည်တံ့သော အရင်းအမြစ်စီမံခန့်ခွဲမှု၊ ရပ်ရွာပိုင်ဆိုင်မှုနှင့် ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အရေးပါသော အခန်းကဏ္ဍကို သက်သေပြနေခြင်းလည်း ဖြစ်ပါသည်။

နေရောင်ခြည်စွမ်းအင်သုံးဆည်ရေသွင်းစနစ်၏ နောက်ဆက်တွဲ အစီအစဉ်အနေဖြင့် GRGI သည် စံဖဲစံပြကျေးရွာတွင် RO သောက်ရေသန့်စက်ကို ထပ်မံတပ်ဆင်ပေးခဲ့ပါသည်။ ၎င်းစနစ်သည် စိုက်ပျိုးရေ မလိုအပ်သော အချိန်များတွင် ပိုလျှံနေသည့် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး တစ်ရက်လျှင် သောက်သုံးရေ သန့်စင်ပြီးသား လီတာပေါင်း (၃,၀၀၀) အထိ ထုတ်လုပ်ပေးနိုင်တာကြောင့် ကျေးရွာ၏ လိုအပ်ချက်ထက် ပိုလျှံသည့်အပြင် မိသားစုများ၏ ရေအဖိုးအခ ကုန်ကျစရိတ်ကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပါသည်။ ဤ ရေသန့်စနစ်ကို ကျေးရွာရေကော်မတီက ကိုင်တွယ်ဆောင်ရွက်နေပြီး ပိုလျှံသော သောက်ရေသန့်များကို အနီးနားရှိ ကျေးရွာများသို့ သင့်တင့်သောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးလျက်ရှိကာ ရရှိလာသော ရန်ပုံငွေများကို ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည် အသုံးပြုလျက်ရှိ ပါသည်။ GRGI အနေဖြင့် ရေရှည်တည်တံ့စေရန်အတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ ဤလုပ်ဆောင်ချက်သည် သောက်ရေသန့် လုံလောက်စွာရရှိစေခြင်းနှင့် ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ပေးရုံသာမက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အား အထိရောက်ဆုံး အသုံးချနိုင်ခြင်းကိုလည်း ဖော်ဆောင်ပေးလျက် ရှိပါသည်။

ရန်ကုန်၊ ပဲခူး နှင့် ဧရာဝတီတိုင်းဒေသကြီးများအတွင်းရှိ RO ရေသန့်စက်များအား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း

GRGI အနေနှင့် သန့်ရှင်းသော သောက်သုံးရေ စဉ်ဆက်မပြတ် ရရှိနိုင်စေရေးအတွက် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တည်ဆောက်လှူဒါန်းပေးခဲ့သော RO သောက်ရေသန့်စက်များအား ပြုပြင်ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဝါယာလက်ကျောင်းတိုက်၊ ဗိုလ်တထောင်ဘုရားနှင့် ရွှေတိဂုံဘုရားတို့ရှိ Pressure Pump Capacitor များလဲလှယ်ခြင်း၊ အထွေထွေ Servicing လုပ်ခြင်း၊ ရေဘုံဘိုင်ခေါင်းများ၊ ပိုက်လိုင်းများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများကို ပြုပြင်လဲလှယ်ခြင်း စသည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား အသီးသီး ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ စံဖဲစံပြကျေးရွာ ရေသန့်စက်တွင် ရေစစ်ထုတ်မှုအဆင့်အတန်း ကောင်းမွန်စေရန်အတွက် RO Membrane လဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ဇရပ်ဆိပ်ကျေးရွာတွင်လည်း ရေစစ်ကန် (Water Filter Tank) အသစ်တစ်ခုကို တပ်ဆင်ပေးခဲ့ပါသည်။

ယခုလို ပြုပြင်ထိန်းသိမ်းမှုများသည် ဒေသခံအများပြည်သူအတွက် သန့်ရှင်းသော ရေပေးဝေမှု အခြေခံအဆောက်အအုံများ ရေရှည်တည်တံ့ပြီး ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်စေရန်အတွက် ကူညီထောက်ပံ့ပေးခြင်း ဖြစ်ပါသည်။

Caring for Our People: တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းအစီအစဉ်

GRGI ၏ Creating Value၊ Collaboration နှင့် Caring for Stakeholders ဟူသည့် အဓိက စံထားရသော မဏ္ဍိုင်ကြီးများနှင့် အညီ GRGI အနေနှင့် ၂၀၂၅ ခုနှစ်တွင်လည်း ရုံးချုပ်အပါအဝင် စက်ရုံများ၊ သိုလှောင်ရုံများနှင့် နိုင်ငံတစ်ဝန်းရှိ အရောင်းဌာနခွဲအသီးသီးမှ ဝန်ထမ်းများအတွက် နှစ်စဉ်ပြုလုပ်နေကျဖြစ်သော တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ပါသည်။

ဤအစီအစဉ်သည် ဝန်ထမ်းများ၏ ကျန်းမာရေးသုခကို အထောက်အကူပြုစေပြီး ရာသီတုပ်ကွေးကြောင့် ဖျားနာမှုကို လျှော့ချပေးနိုင်သလို၊ ကျန်းမာကြံ့ခိုင်သော ဝန်ထမ်းအင်အားစု ဖြစ်လာစေရန် ရည်ရွယ်ပါသည်။ ဤလုပ်ငန်းစဉ်ကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးခဲ့သော Human Capital ၏ Health & Safety Teamနှင့် တက်တက်ကြွကြွ ပါဝင်ခဲ့ကြသော ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဝန်ထမ်းများအတွက် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု

GRGI အနေနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးသုခကို အစဉ်တစိုက် အလေးထားသည့်အလျောက် ဝန်ထမ်းများအတွက် နှစ်စဉ် ဆေးစစ်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်သည် ကြိုတင်ကာကွယ်သော ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင်ပေးရန်၊ ကျန်းမာရေးပြဿနာများကို စောစီးစွာ သိရှိနိုင်ရန်နှင့် ကျန်းမာပျော်ရွှင်ပြီး စွမ်းဆောင်ရည်မြင့်သော ဝန်ထမ်းထု ဖြစ်ပေါ်လာစေရေးကို အားပေးရန် ရည်ရွယ်ပါသည်။ ယခုကဲ့သို့ ကျန်းမာရေး စစ်ဆေးမှုများ ပုံမှန် ပြုလုပ်ပေးခြင်းအားဖြင့် GRGI အနေနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူမှုအား ထင်ဟပ်စေရုံသာမက ဝန်ထမ်းများ၏ ကောင်းကျိုးချမ်းသာကို ရေရှည်ရင်းနှီးမြှုပ်နှံခြင်းမှ တစ်ဆင့် ကုမ္ပဏီ၏ အဓိက စံထားရသော မဏ္ဍိုင်ကြီး တစ်ခုဖြစ်သည့် ‘လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသူ အားလုံးကို လေးစားသမှုနှင့် အလေးထား ဆက်ဆံခြင်း’ ကို ထင်ဟပ်စေပါသည်။

ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် - မှော်ဘီမြို့နယ်အတွင်းရှိ အခမဲ့ဆေးပေးခန်း

မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာတွင် တည်ရှိသော GRGI ၏ အခမဲ့ဆေးခန်း (Charity Clinic) ကို ထိရောက်စွာ လည်ပတ်လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွင်းတွင် GRGI အနေနှင့် လူနာပေါင်း (၉၇၂) ဦး (အမျိုးသား ၂၉၃ ဦးနှင့် အမျိုးသမီး ၆၇၉ ဦး) ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ပါသည်။ ဤဆေးခန်းကို မှော်ဘီစက်ရုံ အနီးတစ်ဝိုက်တွင်နေထိုင်သော အများပြည်သူအတွက် အခမဲ့ကျန်းမာရေး အထောက်အပံ့ပေးရန်နှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို အလွယ်တကူ ရရှိနိုင်စေရန် ရည်ရွယ်ပြီး တည်ထောင်ထားခြင်းဖြစ်ပါသည်။

ဤကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်သည် GRGI က ရွာခံများ၏ ကျန်းမာရေးအပေါ် အလေးထားမှုကို ပြသရုံသာမက ThaiBev ၏ Health Pillar နှင့်လည်း ကိုက်ညီမှုရှိပြီး ကုမ္ပဏီ၏ စီးပွားလုပ်ငန်းလည်ပတ်ရာ ဧရိယာများတွင် နေထိုင်သော လူမှုအသိုင်းအဝိုင်းများ ကျန်းမာကြံ့ခိုင်စေရန် ကတိကဝတ်ပြုမှုကို ပိုမိုခိုင်မာစေပါသည်။ ဤလုပ်ဆောင်ချက်မှတစ်ဆင့် GRGI က ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းကို ရက်ရက်ရောရော ထောက်ပံ့ကူညီပေးနေခြင်းကို ပြသနေပြီး ၎င်းတို့၏ လူနေမှုဘဝ အခြေအနေ တိုးတက်လာစေရန် အဓိပ္ပာယ်ရှိသော ပံ့ပိုးမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိပါသည်။

ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ခဲ့သော ဧရိယာ (၉) ခုတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကူညီထောက်ပံ့ပေးခြင်း

ပြင်းအား (၇.၇) မဂ္ဂနီကျုရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသော အများပြည်သူအတွက် GRGI အနေနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို တတ်အားသရွေ့ လုပ်ဆောင်ပေးခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇွန်လအတွင်း ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ နေပြည်တော် (သပြေကုန်း)၊ စစ်ကိုင်း၊ မန္တလေး (မဟာအောင်မြေနှင့် အမရပူရ)၊ အင်းလေး၊ ရမည်းသင်းနှင့် ပျော်ဘွယ် စသည့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရသော ဧရိယာ (၉) ခုမှ အိမ်ထောင်စုပေါင်း (၂,၅၁၅) စုထံသို့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အရေးပေါ်အထောက်အကူပြုပစ္စည်းများနှင့် ခြင်ထောင်များ အစရှိသော မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ ဤအစီအစဉ်သည် ဒေသခံများ၏ အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်သည့် ကနဦးကာလများတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများအတွက် ‌ထောက်ပံ့မှုများ

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မြေငလျင်များအပါအဝင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပြင်းအား (၇.၇) မဂ္ဂနီကျု မြေငလျင်ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝန်ထမ်း သက်သာ ချောင်ချိရေးဆိုင်ရာ အရေးပေါ်အစီအစဉ်များကို GRGI က ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ မန္တလေး၊ နေပြည်တော် နှင့် စစ်ကိုင်းဒေသများရှိ ဝန်ထမ်းများအား အစားအသောက်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း စုစုပေါင်း package (၆၁၀) ထုပ် မျှဝေခဲ့ပါသည်။ ထို့အပြင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းများအတွက် ထိခိုက်နစ်နာမှုအတိုင်းအတာအပေါ် မူတည်ကာ ပြန်လည်ထူထောင်ရေး ထောက်ပံ့မှု package (၁၃၆) ထုပ် ပံ့ပိုးပေးခဲ့ပါသည်။

မြေငလျင်အပြီး ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းမိတ်ဖက်များအား ပံ့ပိုးကူညီမှု

မန္တလေးတွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ကုန်ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် လုပ်ငန်းမိတ်ဖက်များထံသို့ GRGI က လိုအပ်သော အကူအညီများ ပေးအပ်ခဲ့ပါသည်။ အရောင်းဌာန အနေနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန်နှင့် ပြန်လည်ထူထောင်နိုင်ရန် ရည်ရွယ်ပြီး ထိခိုက်မှုရှိခဲ့သော Distributor များထံသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ဤဆောင်ရွက်မှုများသည် GRGI ၏ အဓိက စံထားရသော မဏ္ဍိုင်ကြီးများဖြစ်သော Creating Value၊ Collaboration နှင့် Care for Stakeholders ဟူသည့်အချက်များကို ထင်ဟပ်စေပြီး အကျပ်အတည်းကာလများတွင် မိတ်ဖက်များ၊ အများပြည်သူများနှင့်အတူ အမြဲရပ်တည်ပေးသည့် ကုမ္ပဏီ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။

သုံးလပတ်အလိုက် အထွေထွေအလှူဒါန အထူးဖော်ပြချက်များ

GRGI သည် ၂၀၂၅ ခုနှစ်အတွက် လစဉ်နှင့် သုံးလပတ်အလိုက် လူထုအကျိုးပြုလုပ်ငန်းများအား ရန်ကုန်နှင့် မန္တလေးရှိ ရုံးခွဲများ၊ Bottling Plants များနှင့် Distilleries များမှတစ်ဆင့် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဒေသအလိုက် ဘာသာရေးအဆောက်အအုံများ ရေရှည်တည်တံ့စေရန်နှင့် ဘာသာရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေထောက်ပံ့မှုနှင့် လိုအပ်သောပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းများ ပါဝင်ပါသည်။

ထို့အပြင် အခါကြီးရက်ကြီး ဘာသာရေးပွဲတော်များတွင်လည်း အများပြည်သူ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရန် GRGI က အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သည်များကို လှူဒါန်းပေးခဲ့ပါသည်။ ယခုကဲ့သို့ စဉ်ဆက်မပြတ် လှူဒါန်းမှုများမှတစ်ဆင့် GRGI သည် လူမှုအသိုက်အဝန်း၏ ကောင်းမွန်သော ရှင်သန်ရပ်တည်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် GRGI ၏ လုပ်ငန်းလည်ပတ်နေသည့် ဧရိယာများ၏ တိုးတက်စည်ပင်မှုများအတွက် အမြဲတစေ ပါဝင်ကူညီပေးသွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအား ပါဝင်ပံ့ပိုးလှူဒါန်းခြင်း

၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေပြားအသစ်များ အစားထိုးလဲလှယ်ခြင်း အပါအဝင် အဓိက ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ နိုင်ငံတော်အဆင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းစဉ်တွင် GRGI ကလည်း တစ်ချပ်လျှင် ငွေကျပ် သိန်း (၁၅၀) တန်ဖိုးရှိသော ရွှေပြား (၅) ချပ် (စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း (၇၅၀) ကို ပါဝင်လှူဒါန်းခဲ့ပါသည်။ ဤလှူဒါန်းမှုသည် ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်စူး၍ သဒ္ဓါကြည်လင်စွာဖြင့် ကုသိုလ်တော်အဖြစ် ပါဝင်ပူဇော်ခဲ့ခြင်း ဖြစ်ပါသည်။ GRGI အနေဖြင့် နောင်တွင်လည်း အခွင့်အရေးကြုံကြိုက်တိုင်း နိုင်ငံတော်၏ အဖိုးတန်ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းစဉ်များတွင် ကူညီသွားမည် ဖြစ်ပါသည်။

အစီရင်ခံစာအကြောင်း

ဤအစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်အတွင်း GRGI မှ သိသာထင်ရှားစွာ ဆောင်ရွက်ခဲ့သော လူထုအကျိုးပြုလုပ်ငန်းများဆိုင်ရာ လုပ်ဆောင်ချက်များကို ဖော်ပြထားပါသည်။ ဤအစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ GRGI ၏ လူထုအကျိုးပြုလုပ်ငန်း အစီအစဉ်များအပေါ် ထားရှိသော တာဝန်ယူမှုနှင့် ကြိုးစားအားထုတ်မှုများကို ရင်းနှီးမြှုပ်နှံသူများ၊ ဝယ်ယူစားသုံးသူများ၊ ဝန်ထမ်းများနှင့် အခြားလုပ်ငန်းနှင့်ပတ်သက်ဆက်နွယ်သူများ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေရန် ပြည့်စုံစွာ မိတ်ဆက်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

လူထုအကျိုးပြုလုပ်ဆောင်ချက်များနှင့် Grand Royal Group International အကြောင်း ပိုမိုသိရှိလိုပါက https://www.grandroyal-group.com.တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။